23/03/2026
ပြင်ဦးလွင်ဖြစ်ပေါ်လာပုံ
================
ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မန္တလေးမြို့ မှ အရှေ့မြောက်ဘက် ၄၂ မိုင် အကွာတွင် တည်ရှိသည်။
တည်နေရာ
ပြင်ဦးလွင် မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အတွင်းတွင် တည်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း တည်ရှိစေကာမူ မိုးနည်းရပ်ဝန်းတွင် မပါဝင်ပေ။ အကြောင်းမူကား ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်း ယေဘုယျ အမြင့်ပေ ၃ဝဝဝ ကျော်တွင် တည်ရှိပြီး၊ မြေနိမ့်လွင်ပြင်တွင် တည်ရှိသောကြောင့် ဖြစ်သည်။ ပြင်ဦးလွင် မြို့နယ်နှင့် ဆက်စပ်တည်ရှိသော မြို့နယ်လေးခု ရှိသည်။ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် နောင်ချို မြို့နယ်၊ အနောက်မြောက်ဘက်တွင် မတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ပုသိမ်ကြီး မြို့နယ်နှင့် တောင်ဘက်နှင့် အနောက်ဘက်တွင် ကျောက်ဆည် မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိသည်။ ပြင်ဦးလွင်မြို့သည် အမည် (၅) မျိုးဖြင့်ထင်ရှားသည်။ ၎င်းတို့မှာ မေမြို့၊ ပြင်ဦးလွင်၊ တောင်လှေကားမြို့တော်၊ ချယ်ရီမြေ၊ ပန်းမြို့တော်ဟူ၍ ဖြစ်သည်။
ပြင်ဦးလွင်မြို့သည် မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၂ မိနစ် ၄.၃၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၇ မိနစ် ၃၁.၄၉ စက္ကန့်အကြား တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၃၅၁၀ ပေအမြင့်တွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့ကို တောင်နိမ့်များ ဝန်းပတ်လျက်ရှိသည်။ ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၃ဝဝ ကျော်၊ မုတ္တမကွေ့နှင့် မိုင် ၄ဝဝ ကျော် ကွာလှမ်းသည်။ မန္တလေးမြို့ နှင့်မော်တော်ကားလမ်းအားဖြင့်( ၄၃)မိုင်အကွာ မန္တလေးလားရှိုး မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၁၇ စတုရန်းမိုင်မျှ ရှိသည်။
မြို့သမိုင်း
1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့တောင်စခန်းမြို့တည်ရန် အကြံပြုသည်။ ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင်ဗိုလ်မှူးကြီး May သည်မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့ သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟုခေါ်ဆိုရန်အကြံပြုခဲ့ရာမှ မေမြို့ဟုအမည်တွင်သွားခဲ့သည်။
ထိုအချိန်၌ရွာတွင် အိမ်ခြေ-(23)အိမ်သာရှိခဲ့သည်။
အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန်လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည်ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။
ယခုစျေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။ မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့်မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှလန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီးပင်ပန်းကြသဖြင့် ရန်ကုန်သို့ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာစီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များပြန်ကုန် သဖြင့် နဂိုသတ်မှတ်ချက်ကြောင့်စီးမည့်သူမရှိသဖြင့်
ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။
ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီးဂေါက်ကွင်းငယ် အပြင်1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကိုအစပျိုးခဲ့သူ ဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှုမြန်လာကာ ၅ ရက်တစ်စျေးမှာ ပိုမိုစီကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင်အခြေချပြီး ဘုန်းကြီးကျောင်း ၊ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများဆောက်လုပ်ကြသည်။
နိုင်ငံခြားသာသနာပြုနှင့်နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert’s Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။
ဒေသ၏အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်း သည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျ ကမန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည်မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေပြန်ခွဲသည်။ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းကရှိခဲ့သည်။
သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာအဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင်သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။အင်္ဂလိပ်တို့သည်အင်္ဂလန်တွင်မွေးဖွားသူကိုသာ
အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများမီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန် ကြရသည်။နောင်မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီးနိုင်ငံခြား ဆရာဝန်နှင့် Nurse များထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာ တွင်းထည့်ပေးလိုက်သည်။
Botanical Garden ကိုဧက (240) ပေါ်တွင် Sir Alex Roger မှဆောက်လုပ်ပေးခဲ့သည် ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကိုတူးဖော်ပေးခဲ့သည်။ ထိုအချိန်ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟုခေါ်သည်။ 1917မှစတင်တူးဖော်ရာ 1920တွင်ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။
မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများအခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်းတစ်ကြိမ် တီးခတ်သည်။
ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟုခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင်အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။
လမ်းပန်းဆက်သွယ်ရေး
ပြင်ဦးလွင်မြို့ သည် သွားလမ်း လာလမ်းအားဖြင့် ကားလမ်း၊ ရထားလမ်းများ ရှိသည်။ မန္တလေး-လားရှိုး မီးရထားလမ်းပေါ်တွင် တည်ရှိသဖြင့် မန္တလေးမြို့ မှ မီးရထားဖြင့်လည်း သွားနိုင်သည်။
မန္တလေးမြို့မှ ပြင်ဦးလွင်သို့ ကားဖြင့်သွားသော် ၂ နာရီကြာသည်။ လမ်းတွင် သုံးထပ်ကွေ့လမ်းများကို တွေရသည်။ မီးရထားဖြင့် သွားလျှင်ပိုကြာသည်ဟု ထင်ရသည်။ အဘယ်ကြောင့် ဆိုသော် မီးရထားမှာ အရှိန် ပြင်းပြင်း မခုတ်ဘဲ မှန်မှန် တောင်တက်တောင်ဆင်းလုပ်ရ၍ ဖြစ်သည်။
အနီးစခန်းလေဆိပ် သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းတွင် တည်ရှိသည်။
ရာသီဥတု
တစ်နှစ်ပတ်လုံးပင် ပြင်ဦးလွင်သည် မန္တလေးထက် 10°C ပိုအေးသည်။ အမှန်တကယ်တွင် မန္တလေးနှင့် ပြင်ဦးလွင်သည် လတ္တီတွဒ် တစ်တန်းတွင် တည်ရှိနေသည်။ သို့သော် ပြင်ဦးလွင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ ကျော်တွင်တည်ရှိသောကြောင့် ထိုကဲ့သို့အေးမြရခြင်းဖြစ်ပါသည်။ ရာသီဥတုအေးမြသောကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူတို့ မနှစ်သက်သော်လည်း ဗြိတိသျှနှင့် ဥရောပတိုက်သားတို့ နှစ်သက်သဖြင့် သာယာအောင် ပြုပြင်ခဲ့သည်။ အအေးမှ လုံခြုံအောင် ပြုလုပ်နိုင်လျှင် ကျန်းမာရေးနှင့် ညီညွတ်သောမြို့ ဖြစ်သည်။ ဤသို့ ရာသီဥတု အေးမြသောကြောင့် ပြင်ဦးလွင်မြို့နှင့် အနီးပတ်ဝန်းကျင်မှာ ရှုခင်းသာယာလှပေသည်။ ဟင်းသီးဟင်းရွက်သစ်သီး သစ်နှံ ပန်းမာလ်များကောင်းစွာ ဖြစ်ထွန်း၏။ တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ၊ စတော်ဘယ်ရီ၊ နာနတ်စသော စိုက်ခင်းများကို မြင်နိုင်ပေသည်။ ထိုပြင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်စသည့် အပင်များနှင့် အင်္ဂလိပ်တို့ စတင်စိုက်ပျိုးသော ယူကလစ်ပင်၊ ထင်းရှူးပင်၊ ဝက်သစ်ချပင် စသည်တို့ကိုလည်း ပြင်ဦးလွင်မြို့တွင် တွေ့မြင်နိုင်ပေသည်။ အထူးသဖြင့် အမျိုးသမီးတိုင်း ကြီးငယ်မဟူ နှစ်သက်သည့် မေမြို့၊ ဒေလီယာ၊ ဂန္ဓမာ စသည့် ပန်းရောင်စုံကား ပြင်ဦးလွင်မြို့ကို အထူးတန်ဆာဆင်ပေသည်။
လူဦးရေ
ရှေးအခါက ပြင်ဦးလွင်သည် ဓနုလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သည်။ ယခုမူကား ဗမာ၊တရုတ်၊ အိန္ဒိယ၊ရှမ်း နှင့် မြန်မာလူမျိုးပေါင်းစုံ နေထိုင်ရာအရပ် ဖြစ်သည်။ လူဦးရေမှာ ၁၉၆၂ ၏ ခန့်မှန်းအရ ၂၈၈၃ ခန့်ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ ၂၅၅,၀၀၀ ဖြစ်သည်။
အထင်ကရနေရာများ
ဓာတ်တော်ချိုင့်အတွင်းပိုင်းရှုခင်း
ဘီအီးဖော ရေတံခွန်
ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)
ဓာတ်တော်ချိုင့် ရေတံခွန်
ပိတ်ချင်းမြောင်လိုဏ်ဂူ (နန္ဒာမူလိုဏ်ဂူ)
ဘီအီးဖော ရေတံခွန် (ပွဲကောက် ရေတံခွန်)
မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား
နှီးဘုရား
တိုင်းရင်းသားကျေးရွာ
ရတနာပုံတယ်လီပို့
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)
ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာနိုင်ငံ)
စစ်တက္ကသိုလ်
တပ်မတော် နည်းပညာ တက္ကသိုလ်
ဘုရင်ခံအိမ်တော် (မေမြို့)
ပြင်ဦးလွင် ငှက်ဘေးမဲ့တော
ဟိုလိပ် စော်ဘွားတောင်
ဒီဇင်ဘာခြံ
ရေပြန်တောင်ရေတံခွန်
ရွှေပြင်ဦးလွင်စပျစ်ခြံ
ဘန့်ဘွေးကျင်းရေတံခွန်
သုံးထပ်ရေတံခွန်
တရုတ်ဘုံကျောင်း
ဂုတ်ထိပ်တံတား