05/01/2024
အိုနာနာနေရာမှာ ကမ္ဘာ့ဂိုးသွင်းအကောင်းဆုံး ဂိုးသမားနဲ့ အစားထိုးဖို့ မန်ယူပြင်ဆင်
မန်ယူအသင်းဟာ အာဖရိက ဖလားပွဲသွားကစားတဲ့ ဂိုးသမား အိုနာနာနေရာမှာ အစားထိုးဖို့အတွက် လာဇီယိုအသင်းက ဂိုးသွင်းကောင်းတဲ့ ဂိုးသမား ပရိုဗီဒယ်လ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ CalcioMercato.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လာဇီယိုဂိုးသမားက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစတင်ပြီး စီးရီးအေရဲ့ အကောင်းဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ဒြပ်ကို ရယူ ပိုင်ဆိုင်ထားတဲ့ လက်ရှိ အီတလီ လက်ရွေးစင် ဂိုးသမားလဲ ဖြစ်ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာတော့ သူ့ကို ကမ္ဘာ့ဘောလုံးပရိသတ်က ဂိုးဖမ်းတာထက်စာလျှင် ဂိုးသွင်းတာနဲ့ ပိုပြီး သတိထားမိနေကြမှာပါ။
ပြီးခဲ့တဲ့ အက်သလက်တီကို နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ လာဇီယိုအသင်းအတွက် အဖိုးတန် ချေပဂိုးကို ဂိုးသမား ပရိုဗီဒယ်လ်က လှလှပပ သွင်းယူပေးခဲ့တာပါ။
ဒါက ပရိုဗီဒယ်လ်အတွက် ပထမဆုံးသွင်းဂိုးတော့ မဟုတ်ပဲ ၂၀၂၀ ခုနှစ်ကလဲ Juve Stabiaအသင်းအတွက် ကစားပေးစဥ် အက်စ်ကော်လီအသင်းဖက်ကို ဂိုးသွင်းဖူးပါသေးတယ်။
တကယ်တော့ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ ပရိုဗီဒယ်လ်ဟာ လူငယ်ကစားသမားဘဝကို တိုက်စစ်မှူးအဖြစ် စတင်ခဲ့သူဖြစ်ပြီး ဂိုးပေါင်း ၂၇ဂိုးထိသွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက် ပရော်ဖက်ရှင်နယ် အသွင် ကူးပြောင်းစဥ်မှာတော့ ဂိုးသမားတစ်ဦးအဖြစ် ရပ်တည်လာခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ ပရိုဗီဒယ်လ်ကို မန်ယူအသင်းအနေနဲ့ ခေါ်ယူနိုင်ခဲ့ပါက မျက်မှောက်ခေတ် ဘောလုံးကမ္ဘာမှာ ပေးပို့မှု အကောင်းဆုံး ဂိုးသမား အိုနာနာအစား ဂိုးသွင်းအကောင်းဆုံး ဂိုးသမားနဲ့ အစားထိုးမှု ဖြစ်လာတော့မှာပါ။
လာဇီယိုအသင်းအနေနဲ့လဲ ဂိုးသမားအတွက် ယူရို ၃၅သန်း ခန့် အနည်းဆုံး အလိုရှိနေတယ်လို့ သိရတာကြောင့် ဒီပမာဏဟာ လာမယ့် နွေရာသီမှာ မန်ယူအသင်း သတ်မှတ်ထားပြီး သုံးစွဲမယ့် ပမာဏမှာ ရှိနေတာကြောင့် စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့တစ်ခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။