19/02/2025
ကော်ပီယူလာတာပါ...
နှစ်ဦးကြားဆက်ဆံရေးအတွက် အမျိုးသမီးတွေကို ပေးချင်တဲ့အကြံပြုချက်များ
ကျနော်နဲ့ ဆွေးနွေးကြသူတွေမှာ အခုနောက်ပိုင်း အမျိုးသမီးဦးရေ သိသိသာသာများလာတယ်။ အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် အကူညီရှာတာများတယ်။ အမျိုးသမီးတွေကတော့ နှစ်ဦးကြားဆက်ဆံရေးအခက်အခဲတွေအတွက် ပိုတိုင်ပင်ကြတယ်။ ကျနော်တွေ့ရသလောက် Relationship ပြဿနာတွေနဲ့ပတ်သက်လာရင် အမျိုးသမီးတွေက မပျက်စီးဖို့အတွက် ပိုအားထုတ်ကြတယ်။ ဒါကြောင့် ဆက်ဆံရေးနဲ့ပတ်သက်လို့ ပိုအားထုတ်ကြတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအကြံပြုချက်လေးတွေပေးချင်တယ်။ ဆွေးနွေးတဲ့အခါ အမျိုးသမီးတွေကိုအကြံပေးဖြစ်တဲ့ အကြမ်းဖျင်း အကြောင်းအရာတွေပါ။
၁။ စကားပြောပါ - ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကွာသလို အမျိုးသားနဲ့အမျိုးသမီးမှာ တွေးတဲ့ပုံချင်းလည်းကွာခြားကြတယ်။ ယောကျ်ားတွေက ကိစ္စအကြီးကြီးတွေကိုမြင်တယ်။ မိန်းမတွေက အနုစိတ်တာကို အားသန်တယ်။ ကိုယ့်အမျိုးသား မျက်နှာအမူအရာပြောင်းသွားတာကအစ၊ အမူအကျင့် နည်းနည်းလေးပြောင်းသွားတာ၊ သေးသေးလေးလွဲချော်သွားတာကအစ သတိထားမိတော့ အမျိုးသားရဲ့စိတ်အခြေအနေကို ခန့်မှန်းနိုင်တယ်။ အမျိုးသားတွေမှာ အဲဒီစွမ်းရည်မရှိဘူး။ ဘာသိဘာသာအရမ်းနေတာပဲဆိုတာက အမျိုးသမီးတွေဆီက ကြားရလေ့ရှိတဲ့စကား။ ဒီတော့ စကားပြောမှရမယ်။ အလိုက်မသိတဲ့သူကို အလိုက်မသိရကောင်းလားဆိုပြီး စိတ်ဆိုးနေရင် ကိုယ်ပဲပင်ပန်းရမယ်။ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး။ ကိုယ်လိုချင်တာကို သူက အလိုအလျောက်မသိလာခဲ့ရင် ပြောပြမှရမယ်။ နားလည်လာနိုင်အောင်လုပ်မှရမယ်။ စကားပြောပြီး ပြဿနာဖြေရှင်းရတာ ပြောဖို့သာလွယ်တာ လုပ်ရရင် ခက်ခဲပါတယ်။ ပြောဖို့မရဲတဲ့ ပြောမထွက်တဲ့အကြောင်းအရာတွေလည်း အများကြီးပဲဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဆုံးစွန်မှာ ဆက်ဆံရေးတစ်ခုလုံး အပျက်စီးခံဖို့တောင် စဉ်းစားပြီးနေပြီပဲ။ ဆေးခါးကြီးသောက်လို့ သက်သာသွားခဲ့ရင် အမြတ်ပဲမလား။
၂။ စိတ်ခံစားချက်တွေကို သတိထားပါ - စကားပြောဖို့ကြိုးစားတိုင်း ရန်ဖြစ်ပြီးအဆုံးသတ်နေရတယ်။ မအောင်မြင်ပါဘူးဆိုရင် ဒီတစ်ခါစကားပြောတဲ့အခါ စိတ်ခံစားချက်တွေမပါဘဲပြောနိုင်ဖို့ ကြိုးစားကြည့်ပါ။ စကားပြောရပြီဆိုကတည်းက ပြဿနာတစ်ခုခုရှိနေပြီလို့ မှတ်ယူလို့ရနိုင်တယ်မလား။ ဒီတော့ ဝမ်းနည်းနေတဲ့စိတ်အခံရှိမယ်။ ဒါမှမဟုတ် ဒေါသထွက်ကောင်းထွက်နေလိမ့်မယ်။ ဒီစိတ်အခံက အတွေးတွေကိုထိန်းကျောင်းလိမ့်မယ်။ ဝမ်းနည်းနေရင် ဝမ်းနည်းစရာတွေပဲတွေးမိလိမ့်မယ်။ ဒေါသထွက်နေရင် အရင်က ဖြစ်ခဲ့တဲ့ ဒေါသထွက်စရာအကြောင်းအရာတွေကို ထပ်ခါထပ်ခါသတိရလိမ့်မယ်။ ဒီအတွေးက ကိုယ့်အပြုအမူတွေကို ဆက်ပြီးမောင်းနှင်လိမ့်မယ်။ ဒေါသထွက်နေတဲ့သူတစ်ယောက်နဲ့ စကားပြောရတာခက်တယ်။ ပြောသမျှ စကားတိုင်းဟာ ပေါက်ကွဲမှုနဲ့အဆုံးသတ်ရင်သတ်၊ ဒါမှမဟုတ် ငိုကြွေးနာကျင်ရမှုတွေနဲ့ အဆုံးသတ်ရလေ့ရှိတယ်။ ပြေလည်အောင်လုပ်ခါမှ ပိုဆိုးသွားတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်သက်မမေ့နိုင်တဲ့ နစ်နစ်နာနာအကြောင်းအရာတွေ ပြောမိတတ်တယ်။ ဒါကြောင့် စကားပြောမယ်လို့ ဆုံးဖြတ်ထားရင် စိတ်ခံစားချက်ကို အရင် သတိထားပါ။ လူဆိုတော့လည်း စိတ်ခံစားချက်ကို လုံးဝမပါအောင်ထားဖို့ မလွယ်ကူနိုင်ဘူး။ ဒါပေမယ့် အနည်းဆုံး ကိုယ့်ရဲ့စိတ်အခြေအနေကို သိနေအောင်တော့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ။ ငါ အရမ်းဝမ်းနည်းနေတာပဲ။ ငါဒေါသထွက်နေတာပဲဆိုတာကို သတိထားမိအောင်ကြိုးစားပါ။ ဒီစကားတွေပုံမှန်အချိန်မှာပြောပါ့မလားဆိုတာကိုမေးခွန်းထုတ်ကြည့်ပါ။ ဒါဆိုရင် ပေါက်ကွဲပစ်မယ့် ကိုယ့်စိတ်တွေကို ထိန်းသိမ်းနိုင်လိမ့်မယ်။ စကားပြောရတာ ပိုလွယ်ကူလိမ့်မယ်။ ငိုသံတွေ ပေါက်ကွဲသံတွေမပါတော့ ကိုယ့်စကားသံကိုလည်း တဘက်လူ ပိုကြားရလိမ့်မယ်။
၃။ နားထောင်ပါ။ ကိုယ်ချင်းစာကြည့်ပါ - နှလုံးသားတွေဝေးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စကားသံတွေကို ကြားရဖို့လည်း ခက်သွားတယ်တဲ့။ ဒါကြောင့် လူတွေဟာ ဒေါသထွက်နေကြတဲ့အခါ အော်ဟစ်ပြောကြရတာတဲ့။ စကားပြောတယ်ဆိုတာ ကိုယ့်ခံစားချက်ကို သူနားလည်အောင် အားထုတ်ရတယ်။ အဲဒီလိုပဲ အပြန်အလှန်အနေနဲ့ သူ့ခံစားချက်ကိုလည်း ကိုယ်ချင်းစာနိုင်အောင် ကြိုးစားရတယ်။ စကားသံတွေကိုတင် ကြားနေရတာမျိုးမဟုတ်ဘဲ နားလည်အောင် နှလုံးသားနဲ့ နားထောင်ရတယ်။ ကိုယ်သာဆိုရင်ရောဆိုတာကို ခံစားမိအောင် တွေးရတယ်။ ကိုယ်ချင်းစာတရားဟာ ဘယ်လိုဆက်ဆံရေးတိုင်းမှာမဆို ခိုင်မြဲစေနိုင်တဲ့ အကောင်းဆုံးကျင့်သုံးသင့်တဲ့အကြောင်းအရာလို့ ကျနော်ယုံကြည်တယ်။ စုံတွဲတွေကြားဖြစ်တဲ့ပြဿနာမှာ တစ်ဘက်တည်းမှားတယ်ဆိုတာမျိုး ရှားပါတယ်။ နှစ်ဘက်လုံးဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပြဿနာလေးတွေ ရှိနေတတ်ပါတယ်။ ဒါတွေကိုမြင်တွေ့နိုင်ဖို့ဆိုတာ ငါဘယ်တော့မှမမှားဘူးဆိုတဲ့အမြင်ကိုဖယ်ပြီး သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့စိတ်ကို မွေးမြူကြည့်မှရမယ်။ ကိုယ့်ဘက်ကခံစားချက်ကိုပြောရင် သူ့ဘက်က ခံစားချက်ကိုလည်း ကြားအောင်နားထောင်ရမှာပဲဆိုတာ မမေ့ပါနဲ့။
၄။ ညှိနှိုင်းပါ။ အနိုင်ယူဖို့မကြိုးစားပါနဲ့ - စကားပြောရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ပြဿနာတွေကိုပြေလည်ပြီး ခိုင်မြဲတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ပါ။ ဒါကို ညှိနှိုင်းတဲ့နည်းလမ်းနဲ့ပဲ ရနိုင်ပါတယ်။ တစ်ဘက်ဘက်က အနိုင်ယူတဲ့နည်းလမ်းနဲ့ မရနိုင်ဘူး။ အနိုင်ယူတယ်ဆိုတာ ပြိုင်ဆိုင်မှုတွေမှာပဲလုပ်ရတာ။ သူရယ်ကိုယ်ရယ်ဟာ တစ်သင်းပါ။ သူတစ်သင်းကိုယ်တစ်သင်းမဟုတ်ပါဘူး။ ကိုယ်တွေကြားမှာ ပြိုင်ဆိုင်ဖို့မလိုဘူး။ အနိုင်ယူဖို့မလိုဘူး။ အခုကြုံတွေ့နေရတဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းဖို့ပဲလိုတာ။ ဒါကို စိတ်ထဲထည့်ထားပါ။ ညှိနှိုင်းခြင်းဟာ အသွားအပြန်ရှိရတဲ့လမ်းပါ။ ကိုယ့်ဘက်က လိုချင်တာ၊ သူ့ဘက်က လိုချင်တာ၊ ကိုယ့်ဘက်က ပေးနိုင်တာ သူ့ဘက်က ပေးနိုင်တာတွေရှိပါတယ်။ ဒီမေးခွန်းတွေအတွက် အဆင်သင့်ဖြစ်ပြီလား။ သူ့ဘက်က လိုချင်တာကိုတောင်းမယ်ဆိုရင် ကိုယ့်ဘက်က ပြန်လိုချင်တာလည်း ရှိနိုင်လိမ့်မယ်ဆိုတာကို တွေးထားပါ။ အဲဒီအတွက် ညှိနှိုင်းပါ။ သူလိုချင်တာချည်းပဲ လိုက်လျောစရာမလိုသလို ကိုယ်လိုချင်တာပဲ ဖိတောင်းလို့လည်းမရနိုင်ဘူး။ အဲဒီလိုဆိုရင်တော့ စကားဝိုင်းပျက်စီးတာနဲ့ပဲ တွေ့ရလိမ့်မယ်။
၅။ တောင်းပန်ဖို့ ဝန်မလေးပါနဲ့ - ကိုယ်တိုင်လည်း မပြည့်စုံတဲ့သူတစ်ယောက်ဆိုတာ သိနေတာပဲ။ တဘက်လူဆီကလည်း ၁၀၀ ရာခိုင်နှုန်း ပြည့်စုံမှုတွေချည်းပဲ မျှော်လင့်လို့မရဘူးပေါ့။ ကိုယ်ကြိုက်တာ ၇၀ ရာခိုင်နှုန်း မကြိုက်တာ ၃၀ ရာခိုင်နှုန်း စသဖြင့် ကိုယ်လိုချင်တဲ့အတိုင်းအတာမှာ ကျေနပ်ကြရတာပဲ။ ပြဿနာဖြစ်တဲ့အခါ အဲဒီ မကြိုက်တဲ့ ၃၀ ရာခိုင်နှုန်းကိုပဲ မြင်ကြလိမ့်မယ်။ ဒီလူမကောင်း နောက်လူပြောင်းတော့လည်း ကောင်းနေတဲ့အချိန်မှာ မြင်ခဲ့တာတွေ မကောင်းတဲ့အချိန်မှာ မမြင်နိုင်တော့ပြန်ဘူး။ ဒီပြဿနာတွေဟာ အစအဆုံး ပြန်တက်ကြရပြန်တယ်။ လူတွေဟာ မှားတတ်ကြပါတယ်။ မှားတဲ့အခါ တောင်းပန်ဖို့ဝန်မလေးပါနဲ့။ ချစ်လို့လက်တွဲနေကြသူတွေပဲလေ တောင်းပန်ရင် ကျေအေးပေးကြပါတယ်။ သေးသေးလေးတွေစုလာရင် အကြီးကြီးတွေဖြစ်လာတတ်တယ်။ နှစ်ဦးကြားမှာ မှားတဲ့အခါ တောင်းပန်တတ်တဲ့အလေ့အထကိုမွေးမြူထားရင် မကျေနပ်မှုတွေဟာ အစိုင်အခဲတွေအဖြစ် မကြီးထွားလာတော့ဘူးပေါ့။
Crd; Dr, Thurein Hlaing win